Foodpanda ကို Boycott ကြဖို့ Foodpanda Rider များတောင်းဆို


ပို့ဆောင်မှုအော်ဒါကြေးနည်းပါးစွာပေးတာကြောင့် Foodpanda ကို မန္တလေးမြို့မှာ မတ်လ ၁၄ရက်နေ့ကစပြီး Foodpanda Rider များက သပိတ်မှောက်ကြကာ... ယနေ့ မတ်လ ၁၆ရက်နေ့မှာလည်း ရန်ကုန်မြို့ရှိ Foodpanda Rider များကပါ အလုပ်မဆင်းဘဲ သပိတ်မှောက်မှုကို စတင်လိုက်တာပဲဖြစ်ပါတယ်။

မတ်လ ၁၆ရက်နေ့ မနက်ပိုင်းက စတင်ပြီး  Foodpanda မှ Rider များကို အကြောင်းကြားခြင်းမရှိဘဲ အော်ဒါကြေးများ အဆမတန် ဖြတ်တောက်လျှော့ချတယ်ဆိုပြီး Rider များမှ အလုပ်မဆင်းဘဲ ရန်ကုန်မြို့ ကန်ရိပ်သာ လမ်းပေါ်က Foodpanda ရုံးချုပ်ရှေ့မှာ ဆန္ဒပြဖို့ စုရုံးပြင်ဆင်ခဲ့ကြပါတယ်။ 

ဆန္ဒပြမည့်အကြောင်း လူမှုကွန်ယက်တွင် တွေ့ရှိရပုံ

မန္တလေးမြို့က Foodpanda သမားတွေကတော့  မှာယူတဲ့ အစားအသောက်တွေကို ဆိုင်ကယ်နဲ့ လိုက်ပို့ရတာဖြစ်တဲ့အတွက် စက်သုံးဆီဈေးမြင့်တက်မှုအပြင် Foodpanda ဖက်က အော်ဒါကြေးကိုတိုးမြှင့်မပေးတဲ့အတွက် Rider များ အခက်ကြုံနေရတဲ့အတွက် သပိတ်မှောက်နေကြတာဖြစ်ပါတယ်။

လတ်တလောမှာယူနိုင်မည်မဟုတ်ကြောင်း Foodpanda app တွင်ဖော်ပြထား

အော်ဒါကြေးနည်းလာသည့်အပြင် Rider သမားများကို ဥပဒေမဲ့အလုပ်ဖြုတ်ပြီး Rider အသစ်များနဲ့ အစားထိုးဖို့ကိုပါလုပ်ဆောင်နေတဲ့အတွက် Rider များအပေါ် ဖိနှိပ်သလိုဖြစ်နေကြောင်း သိရှိရပါတယ်။

Foodpanda ကို သပိတ်မှောက်ရန် လှုံ့ဆော်မှု ဒီဇိုင်းတစ်ခု

Foodpanda အပေါ် သပိတ်မှောက်ကြရန် အတွက် အလုပ်သမားအရေး လှုပ်ရှားသူများ၊ ကျောင်းသားများနှင့် အနုပညာရှင်တစ်ချို့ကပါ ပါဝင်လှုံ့ဆော်သည့် ပုံများ၊ စာများ လူမှုကွန်ယက်ပေါ်တွင် ဆက်တိုက်ဆိုသလို ပြန့်နှံ့လာတာကိုလည်း အခုလို တွေ့မြင်ရပါတယ်။

Foodpanda ကို သပိတ်မှောက်ရန် လှုံ့ဆော်မှု ဒီဇိုင်းတစ်ခု

Foodpanda ကို သပိတ်မှောက်ရန် လှုံ့ဆော်မှု ဒီဇိုင်းတစ်ခု

foodpanda website

ဂျာမနီနိုင်ငံအခြေစိုက်ကုမ္ပဏီတခု ဖြစ်တဲ့ Foodpanda စားသောက်ကုန်ပို့ဆောင်ရေးကုမ္ပဏီဟာမြန်မာနိုင်ငံမှာ ၂၀၁၇ ခု နှစ်ဝန်းကျင်လောက်မှာလုပ်ငန်းစတင်ခဲ့တာဖြစ်ပါတယ်။ မကြာသေးမီ ၂၀၂၁ခုနှစ် နိုဝင်ဘာကမှ လုပ်ငန်း ၂နှစ်ပြည့်ကျင်းပခဲ့တာပါ။ အစားအသောက်တနပ် အကြောင်းပြု ဘ၀များစွာ အကျိုးပြုဆိုတဲ့ Video လေးနဲ့ Foodpanda Rider များ၊ လုပ်ငန်းရှင်များရဲ့ ဘ၀ကို မျက်ရည်ဝဲဖွယ်ရာ ပုံဖော်ခဲ့ပါသေးတယ်။


၂၀၂၂မှာတော့ ဖောင်းဖောင်းဆိုတဲ့ ချစ်စရာ Brand Mascott လေးကို မိတ်ဆက်ပြီး အရောင်းမြှင့်တင်မှုများ ပြုလုပ်ခဲ့ပေမယ့် ယခုကဲ့သို့ Boycott ခြင်းနှင့် ရင်ဆိုင်လာရတဲ့အတွက် ရှေ့လျှောက် ဘယ်လို ဖြေရှင်းပြီး အမှတ်တံဆိပ်ပုံရိပ်ကို မြှင့်တင်သွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။